တက္ကသိုလ်သမိုင်း

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းသည် မြန်မာနိုင်ငံတွင် သမိုင်းစဉ်လာ ကြီးမားသော တက္ကသိုလ်များအနက် အဆင့်မြင့်သစ်တောပညာစတင်ခဲ့သည်မှရေတွက်သော် နှစ်ပေါင်း (၉၉) နှစ်ရှိပြီဖြစ်သော တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်တောသင်တန်းကျောင်း (Forestry Technological Vocational Training School)တစ်ခုကို ၁၈၉၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ဖွင့်လှစ်ခဲ့ပြီး အဆင့်အနေဖြင့် သစ်တောပညာရပ်ကို သင်ကြားခဲ့ခြင်းကို စတင်ခဲ့ပါသည်။ ၁၉၂၃ ခုနှစ်ဝန်းကျင် သစ်တောပညာကို တက္ကသိုလ်အဆင့် အဆင့်မြင့်ပညာရပ်တစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ် အောက်တွင် စတင်သင်ကြားခဲ့ပါသည်။ ၁၉၂၅-၁၉၂၆ ခုနှစ်တွင် သစ်တောပညာဌာနကို ဖွဲ့စည်းခဲ့ပြီး သစ်တောပညာများကို တိုးချဲ့သင်ကြားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၃၅ ခုနှစ်မှ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးသည်ထိ သစ်တောပညာသင်တန်းကို သင်ကြားပေးနိုင်ခြင်းမရှိဘဲ (၁၅)နှစ်ခန့် ပိတ်ထားခဲ့ရပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှအစိုးရလက်အောက်မှ ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် (၂)နှစ်အကြာ ၁၉၅၀ခုနှစ်ပြည့်နှစ်တွင် သစ်တောပညာသင်တန်းကို ရန်ကုန်တက္ကသိုလ်၏ သိပ္ပံမဟာဌာန (Faculty of Science) အောက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် သစ်တောပညာမဟာဌာန (Faculty of Forestry) အဖြစ် သီးခြားဌာနအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်ကာ ရန်ကုန်မှ ရေဆင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အောက်တွင် သစ်တောပညာဌာန အဖြစ် ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ အာရှတွင်းရှိနိုင်ငံများဖြစ်သော နီပေါ၊ ထိုင်းစသည့်နိုင်ငံများမှ နိုင်ငံခြားကျောင်းသားများပင် လာရောက်ပညာယူကြသည့် သစ်တောပညာအား အာရှနိုင်ငံများအတွင်းသို့ ပျံ့နှံ့စေသည်ကဏ္ဍတွင် အရေးပါသော ဌာနတစ်ခုဖြစ်ခဲ့သည့် သမိုင်းအစဉ်အလာကြီးမားခဲ့သည်။ ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အောက်မှ ခွဲထွက်ကာ သစ်တောတက္ကသိုလ် (Institute of Forestry)အဖြစ် သီးခြားရပ်တည်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် သစ်တောတက္ကသိုလ် (University of Forestry)အဖြစ်လည်းကောင်း၊ ၂၀၁၇ခုနှစ် အောက်တိုဘာ (၁၀)ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (University of Forestry and Environmental Science)အဖြစ်လည်းကောင်း အမည်များ အဆင့်ဆင့်ပြောင်းလဲကာ ရေဆင်းနယ်မြေတွင် သစ်တောပညာရပ်အပြင် ပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်များကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ပါသည်။

လက်ရှိတည်နေရာ

လက်ရှိကာလတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းးသည် မြန်မာနိုင်ငံ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ရေဆင်းတွင် တည်ရှိပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် သစ်တောသုတေသနဌာန စသည့် သုတေသနဌာန၊ တက္ကသိုလ်များနှင့်အတူ ယှဉ်တွဲတည်ရှိနေပါသည်။

 

ပညာသင်ကာလ

၁၉၂၃ ခုနှစ်တွင် တက္ကသိုလ်အဆင့် အဆင့်မြင့်သစ်တောပညာကို ဖွင့်လှစ်စဉ် သင်တန်း ကာလ (၂) နှစ်အဖြစ်သတ်မှတ်ခဲ့ပြီး သင်တန်းသား (၆) ဦးမှ (၁၀) ဦးအထိလည်းကောင်း၊ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သစ်တောပညာဌာနကို တိုးချဲ့ခဲ့ပြီးနောက် သင်တန်းကာလကို (၃)နှစ်အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် သင်တန်းသားဦးရေ (၅၀)ဦးထိ တိုးမြှင့်ခေါ်ယူခဲ့ပြီး သင်တန်းကာလကိုလည်း (၆)နှစ်အဖြစ်လည်းကောင်း၊ ၁၉၉၅ခုနှစ်မှစ၍ ယခုကာလအထိ သင်တန်းကာလကို (၅)နှစ်အဖြစ်လည်းကောင်း သစ်တောပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ၂၀၀၆ခုနှစ်မှစတင်ကာ ကျောင်းသားဦးရေ (၂၀၀)ထိ တိုးမြင့်ခေါ်ယူခဲ့ပြီး နောက်နှစ်များမှ စတင်၍ ယနေ့ချိန်ထိ (၁၀၀)ဦးထိသာခေါ်ယူလျက်ရှိပါသည်။

တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခနှင့် ပါမောက္ခချုပ်များ

အဆင့်မြင့်သစ်တောပညာအား သင်ကြားပေးခဲ့ကြပြီး ရန်ကုန်တက္ကသိုလ် သစ်တောပညာဌာနနှင့် လက်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ပါမောက္ခနှင့် တက္ကသိုလ်တာဝန်ခံ အကြီးအကဲများကို အောက်ပါအတိုင်း မှတ်တမ်းများအရ တွေ့ရှိရပါသည်။ 

Former Professors and Rectors
C.W.D. Kermode၊ C.A. Hare and Undergraduate students, Department of Forestry, Yangoon (Rangoon) University (1957-1958)
Former Professors and Rectors
C.W.D. Kermode၊ C.A. Hare and Undergraduate students, Department of Forestry, Yangoon (Rangoon) University (1958-1959)

 

ရန်ကုန်တက္ကသိုလ် သစ်တောပညာဌာနတွင် ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြသူများမှာ အာရ်အေကရိန်း (R.A. Cochrane) (၁၉၃၀-xx)၊ C.W.D.Kermode (၁၉၅၂-၁၉၅၈)၊ ဦးသိန်းဟန် (၁၉၅၈-၁၉၅၉)၊ ဦးကြည် (၁၉၅၉-၁၉၆၆)၊ ဦးထွန်းကျော် (၁၉၆၆-၁၉၇၄)၊ ဦးခင်မောင်အေး (၁၉၇၄-၁၉၇၅)၊ ဦးရဲလျံစွမ်း (၁၉၇၆-၁၉၈၂)၊ ဦးစိုးကြည် (၁၉၈၃-၁၉၉၁) တို့ဖြစ်ကြသည်။ တက္ကသိုလ်အဖြစ် သီးခြားဖွဲ့စည်းပြီးနောက် ပါမောက္ခချုပ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများမှာ ဦးစောရန်အောင်ဒူး (၁၉၉၂-၁၉၉၅)၊ ဦးစိုးတင့် (၁၉၉၅-၁၉၉၆)၊ ဦးအောင်ကြင် (၁၉၉၆-၂၀၀၀)၊ ဦးအောင်သန်း (၂၀၀၀-၂၀၂၁)၊ ဦးဝင်းကြည် (၂၀၀၂-၂၀၀၇)၊ ဦးခင်မောင်ဇော်(၂၀၀၇-၂၀၁၀)၊ ဒေါက်တာမြင့်ဦး (၂၀၁၀-၂၀၁၉)၊ ဒေါက်တာစန်းဝင်း (ဒုတိယပါမောက္ခချုပ်) (၂၀၁၉-၂၀၂၀)၊ ဒေါက်တာခင်မောင်ဆင့် (၂၀၁၉-၂၀၂၁)တို့ဖြစ်ကြသည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် တက္ကသိုလ်အား တက္ကသိုလ်‌ကောင်စီမှ၏ စီမံခန့်ခွဲဆောင်ရွက်နေပါသည်။