ကျောင်းသားများသမဂ္ဂ

ကျောင်းသားများသမဂ္ဂ

ဤအဖွဲ့အစည်းသည် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သားများဖွဲ့စည်းထားသော လွတ်လပ်သည့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဖြစ်သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

  • သမဂ္ဂဆိုသည်မှာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖြစ်သည်။
  • တက္ကသိုလ်ဆိုသည်မှာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ဖြစ်သည်။
  • အမှုဆောင်အဖွဲ့ဆိုသည်မှာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့ဖြစ်သည်။
  • ကျောင်းသားဆိုသည်မှာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများဖြစ်သည်။

ရည်မှန်းချက်

  • ကျောင်းသားများ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရန်
  • ကျောင်းသားထုဘက်မှ အပြည့်အဝ ရပ်တည်ပေးရန်
  • ကျောင်းသား၊ ဆရာ ပူးပေါင်း၍ သင်ကြားမှုနည်းစနစ်များ တိုးတက်လာစေရန်
  • ကျောင်းသားများ၏ နေမှု၊ ထိုင်မှု၊ စားသောက်မှုနှင့်တကွ ကျန်းမာရေး ကူညီဆောင်ရွက်ပေးရန်
  • စာပေနှင့် အနုပညာလုပ်ငန်းများတွင် ကူညီအားဖြည့်ရန်

သမိုင်း

တက္ကသိုလ်တွင် ကျောင်းသားအခွင့်အရေးများ ဆုံးရှံးနေသောကြောင့် တက်ကြွလှုပ်ရှားသည့် ကျောင်းသားများမှ သစ်တောတက္ကသိုလ်ကျောင်းသားများသမဂ္ဂအား ကျောင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ တက္ကသိုလ်၏ ကဏ္ဍအသီးသီးတွင် ကျောင်းသားများ တက်ကြွစွာပါဝင်ရေးနှင့် ကျောင်းသားအခွင့်အရေးအပြည့်အဝရရှိရေး စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၂ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ကြသည်။ သို့သော် ၂၀၁၂ ဆိုသောခုနှစ်သည် သမဂ္ဂ၊ နိုင်ငံရေး ဆိုသည်နှင့် ဝေးဝေးရှောင်ကြသည့် ခုနှစ်များဖြစ်၍ တရားဝင်ဖွဲ့စည်းရန် မဖြစ်နိုင်ခဲ့ပေ။ ထို့နောက် ကျောင်းသားများသည် ၂၀၁၂ နှောင်းပိုင်းမှစ၍ ၂၀၁၅ အစောပိုင်းအထိ သမဂ္ဂနှင့် ဝေးကွာခဲ့ကြရသည်။

၂၀၁၅ ပညာရေးသပိတ်ကာလတွင် သမဂ္ဂအားဖွဲ့စည်းရန် ထပ်မံကြိုးစားခဲ့ကြပြီး စက်တင်ဘာလ၊ ၂၇ ရက်၊ ၂၀၁၅ အရောက်တွင် သစ်တောတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ယာယီ) အား တက်ကြွလှုပ်ရှားသူ ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ကြသည်။ ယာယီသမဂ္ဂအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသော ကျောင်းသားများသည် သမဂ္ဂတရားဝင် ပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးကို အစဉ်တစိုက် ကြိုးပမ်းခဲ့ကြရာ ဇွန်လ၊ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်တွင် သမဂ္ဂ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် ကျောင်းသားထု အထွေထွေရွေးကောက်ပွဲအား ဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူး၍ ဖေဖော်ဝါရီလ၊ ၈ ရက်၊ ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် တက္ကသိုလ်၏ ကျောင်းသား၊ ကျောင်းသူ (၆၄.၇) ရာခိုင်နှုန်း ပါဝင်ဆန္ဒမဲပေးခဲ့ကြသည်။ ရွေးကောက်ခံ ရာထူးများမှာ ဥက္ကဌ၊ ဒုတိယ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူး တို့ဖြစ်ပြီး ဘဏ္ဍာရေးမှူး၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ၊ ပြင်ပဆက်ဆံရေးတာဝန်ခံ၊ စာပေရေးရာတာဝန်ခံ၊ မော်ကွန်းထိန်း၊ အမျိုးသမီးရေးရာတာဝန်ခံ၊ ကျောင်းသားရေးရာတာဝန်ခံ တို့ပါဝင်သည့် အလုပ်အမှုဆောင်အဖွဲ့အား သမဂ္ဂ၏ ဖွဲ့စည်းပုံနှင့်အညီ ဖွဲ့စည်းခဲ့သည်။

ဒုတိယအကြိမ် ကျောင်းသားထု အထွေထွေရွေးကောက်ပွဲအား ဖွဲ့စည်းပုံပါ စည်းမျဉ်းများအတိုင်း ဩဂုတ်လ၊ ၃၀ ရက်၊ ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၇၁.၁၉) ရာခိုင်နှုန်း ပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး အလုပ်အမှုဆောင်အဖွဲ့အား ဖွဲ့စည်းခဲ့သည်။ မတ်လ၊ ၂၄ ရက်၊ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ကြောင့် တက္ကသိုလ်အား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရပြီးနောက်တွင် တတိယအကြိမ် ကျောင်းသားထု အထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်းမရှိသောကြောင့် ရွေးကောက်ပွဲအား ယာယီရပ်ဆိုင်းပြီး သမဂ္ဂ၏ လုပ်ငန်းဆောင်တာများကို လက်ရှိ အလုပ်အမှုဆောင်အဖွဲ့မှ ရွေးကောက်ပွဲ ကျင်းပနိုင်သည့်အချိန်ထိ ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ၊ ၇ ရက်၊ ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဖေဖော်ရီလ၊ ၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု အကြောင်းပြပြီး တပ်မတော်မှ နိုင်ငံတော်၏ အာဏာအား သိမ်းယူလိုက်ခြင်းကြောင့် ဒုတိယအကြိမ် အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းမှာ ယခုအချိန်ထိ ကြာမြင့်နေဆဲဖြစ်သည်။

ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ

သမဂ္ဂသည် ကျောင်းသားထုအား ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည့်အလျှောက် ကျောင်းသားများ၏ လိုအပ်ချက်များကို တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအပြင် အခြားသော ပြင်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး အစဉ်တစိုက် ဖြည့်စည်းဆောင်ရွက်ခဲ့သည်။ စာပေရေးရာ ကဏ္ဍ၊ အနုပညာကဏ္ဍ၊ အားကစားဏ္ဍများတွင်လည်း ကျောင်းသားများအတွက် နှစ်စဉ်၊ နှစ်တိုင်း ပံ့ပိုးလျက်ရှိပြီး ကျောင်းသားထု အခွင့်အရေးအား အပြည့်အဝကာကွယ်လျက်ရှိသည်။ မြန်မာ့တပ်မတော်မှ အာဏာသိမ်းပြီး နောက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ကောင်စီ ဖွဲ့စည်းနိုင်ရန် တက္ကသိုလ်ကောင်စီ၏ ဖွဲ့စည်းပုံ (အကြမ်း) အား ရေးဆွဲခဲ့ပြီး Civil Disobedience Movement (CDM) တွင် ပါဝင်သည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားဟောင်းကိုယ်စားလှယ်များဖြင့် အတည်ပြုနိုင်ခဲ့ပြီး တက္ကသိုလ်ကောင်စီအားဖွဲ့စည်းနိုင်ခဲ့သည်။

လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ကျောင်းသားများ စဉ်ဆက်မပြတ် ပညာလေ့လာနိုင်ရေးအတွက် တက္ကသိုလ်ကောင်စီတွင် ကျောင်းသားကိုယ်စားလှယ် အနေဖြင့် ပါဝင်ပြီး ကာလတိုသင်တန်းများ ဖွင့်ရာတွင် အားဖြည့်ကူညီလျက်ရှိသည်။ လက်ရှိ တက္ကသိုလ်အားဖွင့်နိုင်ရန် ကြိုးပမ်းနေမှုတွင်လည်း တတ်အားသမျှ ပါဝင်လျက်ရှိပြီး သင်ကြားမှုစနစ်များ တိုးတက်လာစေရန်လည်း တက္ကသိုလ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အမှတ်အသားတံဆိပ်

SU Logo

အလံတော်

SU Flag

 

ဆက်သွယ်ရန်

Email – [email protected]

FaceBook – https://www.facebook.com/studentsunion.ufes/